အရင်းအမြစ်များ

အနာဂါတ်နည်းပညာ

လမ်းမကြီးများထက်မှ အဆင့်မြင့်နည်းပညာထရပ်ကားများ

ပိုမိုကောင်းမွန်သော
နိဒါန်း

Autobahn ဟုခေါ်သော အဝေးပြေးလမ်းမကြီးမှာ ဂျာမဏီတွင် အရေးအကြီးဆုံး လမ်းမများထဲမှ တစ်ခုဖြစ်သည်။ ခရီးသွားလာမှုနှင့် ကုန်ပစ္စည်းစီးဆင်းမှုများအား ဂျာမဏီနိုင်ငံ၏ အဓိကလမ်းမကြီးများ တစ်လျောက် အဓိကဆောင်ရွက်လျက်ရှိသည်။ သို့ရာတွင် လုံခြုံမှုနှင့် ယာဉ်စီးဆင်းမှုအတွက် မည်သို့သော အာမခံချက် ရှိသနည်း။ ခေတ်သစ်နည်းပညာများစွာသည် ယာဉ်များနှင့် လမ်းကွန်ရက်များအတွက် နည်းလမ်းများ ရှာဖွေလျက်ရှိသည်။

မျက်မှောက်ခေတ် ကုန်တင်ကားများတွင် ရပ်တန့်မှုအထောက်အကူ၊ လမ်းကြောင်းထိန်းချုပ်မှု အထောက် အကူ သို့မဟုတ် ယာဉ်ထိန်းချုပ်မှုစနစ် အစရှိသည့် အဆင့်မြင့်အထောက်အကူပြုစနစ်များ ပါရှိသည်။ ရပ်တန့်မှု အထောက်အကူပြုစနစ်နှင့်အတူ ထရပ်ကားသည် ရုတ်တရက်ဖြစ်ပေါ်သော တိုက်ခိုက်မှုများမှ ရှောင်ရှားနိုင်ရန် အလိုအလျောက်ဘရိတ်စနစ်ဖြင့် ပံ့ပိုးပေးသည်။ ယာဉ်မောင်းမှ မည်သို့မျှလုပ်ဆောင်နိုင်ခြင်း မရှိကြောင်းကို သတိပြုမိပြီး မော်တော်ယာဉ်အား စိတ်ချရသောအကွာအဝေးအတွင်း ရပ်တန့်ပေးနိုင်သည်။ ယာဉ်လမ်းကြောင်း သွေဖီမှု သတိပေးခြင်းစနစ်သည် ယာဉ်မောင်းမှ ယာဉ်ကြောမှ ထွက်ခွာချိန်တွင် သတိပေးမှုပြုလုပ်သည်။ ကင်မရာများသည် မော်တော်ယာဉ် ဘယ်ဖက် သို့မဟုတ် ညာဖက်သို့ သွေဖီသွားခြင်း ရှိမရှိ သိရှိနိုင်ပြီး ယာဉ်မောင်းခန်းအတွင်း အချက်ပေးသံဖြင့် သတိပေးမှုပြုလုပ်သည်။ ဤနည်းဖြင့် ထိန်းချုပ်မှုကင်းမဲ့သော ယာဉ်ကြောပြောင်းလဲခြင်း သို့မဟုတ် ရုတ်တရက်အိပ်ငိုက်ခြင်းအတွက် အန္တရာယ်ကို လျော့ချပေးသည်။ ယာဉ်ထိန်းချုပ်မှုစနစ်သည် လုံခြုံမှုပေးရုံသာမက သက်တောင့်သက်သာရှိသော ရှုထောင့်များလည်း ပါဝင်သည်။ ယာဉ်မောင်းမှ အလိုရှိသော မြန်နှုန်းကို သတ်မှတ်ထားခြင်းဖြင့် စနစ်မှ အဆိုပါမြန်နှုန်းအတိုင်း ထိန်းညှိပေးသည်။ ထူးခြားသော လုပ်ဆောင်ချက်အနေဖြင့် အကယ်၍ ယာဉ်တစ်စီးမှ ထရပ်ကားအရှေ့သို့ ဝင်ရောက်လာပြီး အရှိန်လျော့ချမှုရှိခဲ့ပါက ၎င်းစနစ်မှာ အရှိန်ထိန်းသိမ်းမှုကို အလို အလျောက် ပြုလုပ်ပေးသည်။ ဘေးကင်းနိုင်သော အကွာအဝေးကိုလည်း အမြဲထိန်းသိမ်းထားသည်။ အကယ်၍ အရှေ့မှမောင်းနေသောယာဉ်မှ အရှိန်မြှင့်တင်လိုက်သည်နှင့်တပြိုင်နက် ထရပ်ကားမှ ၎င်း၏ အရှိန်ကို တဖန်ပြန်၍ ချိန်ညှိမှုပြုလုပ်သည်။ အဆိုပါ ထရပ်ကားများမှာ ယာဉ်တန်းဖြင့် မောင်းနှင်ခြင်း သို့မဟုတ် လျှပ်စစ်လိုင်းလမ်းအတိုင်း (ရထားများနည်းတူ) မောင်းနှင်ခြင်းကဲ့သို့ပင် အလိုအလျောက် မောင်းနှင်နိုင်သည့်အထိ တွက်ချက်မှုကောင်းမွန်သည်။

အဝေးပြေးလမ်း၏ အခြားအရေးကြီးသော ဘေးကင်းလုံခြုံရေးကဏ္ဍမှာ လမ်းမပင်ဖြစ်သည်။ အလို အလျောက် ယာဉ်လမ်းကြောထိန်းချုပ်မှုနှင့် စောင့်ကြည့်စစ်ဆေးမှုတို့မှာ လုံခြုမှုကို တိုးမြှင့်ပေးသည်။ မိုးရွာသွန်းခြင်း၊ ဆီးနှင်းကျခြင်း သို့မဟုတ် ယာဉ်ကြောပိတ်ဆို့ခြင်းများကို စနစ်မှ သိရှိနိုင်ပြီး မြန်နှုန်းကို သတ်မှတ်ပေးကာ ယာဉ်မောင်းများအား သတိပေးခြင်း သို့မဟုတ် ဖော်ပြခြင်းများပြုလုပ်သည်။ ၎င်းစနစ်အား ဗဟိုထိန်းချုပ်မှုဌာနမှ စောင့်ကြည့်မှုပြုလုပ်ပြီး လမ်းမ၏ ကီလိုမီတာတိုင်းနီးပါး၌ ထိန်းချုပ်မှု ပြုလုပ်ပေးသည်။ အကယ်၍ ယာဉ်ကြောကြပ်တည်းမှု သို့မဟုတ် မတော်တဆမှုများ ဖြစ်ခဲ့ပါက ရေဒီယို သတိပေးချက် သာမက လမ်းညွှန်မှုစနစ်များကိုလည်း အဆိုပါဌာနမှ ထုတ်ဖော်ပေးသည်။

အခြားသော သုတေသနကဏ္ဍတစ်ခုမှာ အလိုအလျောက်မောင်းနှင်မှုပင်ဖြစ်သည်။ စမ်းသပ်မော်တော်ယာဉ်၌ ကင်မရာများ၊ ရေဒါများနှင့် လေဆာရောင်ခြည်များတပ်ဆင်ထားပြီး မြို့တွင်း၌ အလိုအလျောက်နည်းပါး မောင်းနှင်နိုင်သည်။ ၎င်းသည် အခြားမော်တော်ယာဉ်များအား သတိပြုနိုင်ပြီး ရှောင်ရှားနိုင်ခြင်းအပြင် လမ်းသွားလမ်းလာများအား တိုက်မိခြင်းမဖြစ်အောင်ပင် ရှောင်ရှားနိုင်သည်။ ဤနည်းပညာကို ဂျာမဏီတွင် တရားဝင်ခွင့်ပြုထားခြင်း မရှိသေးပေ။ သို့ရာတွင် ယာဉ်ကြောရှုပ်ထွေးမှုမြင့်မားလာသော လမ်းများထက်၌ ထရပ်ကားများနှင့် ကားများသည် မကြာမှီပင် တစ်စိတ်တစ်ပိုင်း သို့မဟုတ် အလုံးစုံ အလိုအလျောက် ထိန်းချုပ်မောင်းနှင်မှု ပြုလုပ်တော့မည် ဖြစ်သည်။

အညွန်းပန်းတိုင်
  • ဂျာမဏီလမ်းမကြီးများပေါ်ရှိ နေ့စဉ်အနေအထားကို သိရှိနားလည်ခြင်း။
  • အဝေးပြေးလမ်းမကြီးများ၏ ထိန်းချုပ်မှုဌာနနှင့်ပတ်သက်၍ သိရှိနားလည်ခြင်း။
  • မျက်မှောက်ခေတ်ကားများနှင့် ထရပ်ကားများ၏ အထောက်အကူနှင့်လုံခြုံမှုစနစ်ကို နားလည်ခြင်း။
  • လမ်းမကြီးများ၏ ရှုပ်ထွေးသည့်စနစ်ကို နားလည်ခြင်း။
  • ထရပ်ကားယာဉ်မောင်းများ၏ အလုပ်ကို နားလည်ခြင်း။