အရင်းအမြစ်များ

အသိပညာဗဟုသုတ ရှာဖွေခြင်း

ဘက်တီးရီးယား – ပင်လယ်ကြမ်းပြင်ရှိ ဇီဝအသက်

ပိုမိုကောင်းမွန်သော
နိဒါန်း

သမုဒ္ဒရာနက်အတွင်း၊ ပင်လယ်ကြမ်းပြင်၌ လျှိုဝှက်ဆန်းကြယ်သော ကမ္ဘာတစ်ခုရှိနေသည်။ အလင်းရောင် မရှိဘဲ အလွန်ဆိုးရွားသော အသက်ရှင်နေထိုင်မှု အခြေအနေများ ရှိသည်။ ပြင်သစ်မှ သုတေသနအဖွဲ့ တစ်ခုသည် ပင်လယ်ကြမ်းပြင်ရှိ ဇီဝအသက်ကို ပို၍နားလည်နိုင်ရန်နှင့် စူးစမ်းလေ့လာမှု ပြုလုပ်ရန် သွားရောက်လျက်ရှိသည်။ သမုဒ္ဒရာများ၏ အနက်အား သေချစွာ သုတေသနပြုလုပ်ထားခြင်းမရှိသည့်အပြင် ပင်လယ်ကြမ်းပြင်၌ ပုန်းကွယ်နေသည့် လျှို့ဝှက်ချက်များစွာလည်း ရှိနေသေးသည်။

၎င်းတွင် ရေအတွင်းရှိ ဘက်တီးရီးယားတို့၏ ဇီ၀အသက်နှင့် ကြီးထွားမှုတို့ ပါဝင်သည်။ ဘက်တီးရီးယား များသည် ကမ္ဘာ့နေရာအနှံ့၌ အသက်ရှင်နေထိုင်ကြသည်။ ရေအတွင်း၌လည်းကောင်း၊ ကုန်းမြေပေါ်တွင် လည်းကောင်း၊ သက်ရှိများ၌လည်းကောင်း တွေ့ရသည်။ ၎င်းတို့သည် လူသားများမတိုင်မှီ နှစ်ပေါင်းများစွာ ကတည်းက ရှိနေခဲ့ကြပြီး ဇီဝအသက်၏ အခြေခံပင်ဖြစ်သည်။ ဘက်တီးရီးယားအားလုံးပေါင်း၏ အလေးချိန်သည် ကမ္ဘာပေါ်ရှိ တိရိစ္ဆာန်နှင့် အပင်အားလုံးပေါင်း၏ အလေးချိန်ထက် ပို၍လေးသည်။

၎င်းတို့၏ လေ့လာရေးခရီးစဉ်အတွင်း သုတေသီများသည် ပင်လယ်နက်အတွင်း၌ ဘက်တီးရီးယားများ အသက်ရှင်နေထိုင်မှုနှင့် ပတ်၀န်းကျင်မှ ဒေသရင်းတိရိစ္ဆာန်များအပေါ် မည်သို့လွှမ်းမိုးနိုင်မှုရှိကြောင်းကို သိရှိဖော်ထုတ်လိုကြသည်။ ထိုအဖွဲ့သည် ရေငုတ်နိုင်သော အဝေးထိန်း စက်ရုပ်တစ်ခုကို ပင်လယ်၏ ၂၃၀၀ မီတာအနက်သို့ ပို့လွှတ်ခဲ့သည်။ ထိုအချိန်၌ ရေနက်တွင်းမှ အငွေ့အမည်းများကို မှုတ်ထုတ်တတ်သည့် ကျောက်များ (Black Smokers) ကိုတွေ့ရှိခဲ့သည်။ ၎င်းတို့မှာ ပင်လယ်ရေနှင့် ကမ္ဘာမြေအတွင်းမှ ပူပြင်းသော ချော်ရည်တို့၏ ထိတွေ့မှုကြောင့် ဖြစ်ပေါ်လာသော ကျောက်များဖြစ်ပြီး စုစည်းထားသော မီးခိုးခေါင်းတိုင်များကဲ့သို့ ပင်လယ်အတွင်းသို့ အနက်ရောင်မီးခိုးများကို အဆက်မပြတ်မှုတ်ထုတ်တတ်သည်။
အဆိုပါမီးခိုးများမှာ ၃၅၀ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ပူပြင်းတတ်ပြီး ပတ်၀န်းကျင်မှ ပင်လယ်ရေ၏ အပူချိန်ကို ၃၀ ဒီဂရီအထိ မြင့်တက်လာစေသည်။

အလင်ရောင်မရှိခြင်းနှင့် ဆိုးရွားသော အသက်ရှင်နေထိုင်မှု အခြေအနေများ ရှိသော်လည်း သက်ရှိသတ္တဝါ များစွာသည် အဆိုပါ မီးခိုးခေါင်းတိုင်များအနီးတဝိုက်တွင် စုစည်းနေတတ်သည်။ ပင်လယ်နက်အတွင်းမှ ပုဇွန်မျိုးစိတ်တစ်ခုကို သုတေသနပြုလုပ်ရာ၌ ပုဇွန်၏ အစာခြေအင်္ဂါများအတွင်း၌ မည်သည့်အစာမှ မရှိသလောက်ဖြစ်ကြောင်း တွေ့ရသည်။ သို့ရာတွင် ၎င်းတို့၌ အဆမတန်ကြီးမားသော ဉီးခေါင်း (၎င်း၏ ခန္ဓာကိုယ်အရွယ်အစား၏ ၅၀% ခန့်) ရှိပြီး အဆိုပါ ဉီးခေါင်းအတွင်းတွင် ဘက်တီးရီးယားစုစည်းနေမှု အဆမတန်များပြားကြောင်း တွေ့ရသည်။ ထို့အပြင် ပင်လယ်ကြမ်းပြင်၌လည်း သာမန်မျက်စိဖြင့် မမြင်နိုင်သော ဘက်တီးရီးယား အစုအဖွဲ့များစွာ ရှိနေသည်။ ဘက်တီးရီးယားများသည် ပုဇွန်များနှင့် ယောက်သွားကောင်များနှင့် နီးကပ်စွာ ကူးလူးဆက်ဆံမှုရှိသည်။ ကမာခွံများ၏ ပါးဟက်များမှတဆင့် ဖြတ်သန်းသွားသည့် ရေများအတွင်းတွင်လည်း ဘက်တီးရီးယားများအတွက် အစာများပါဝင်သည်။ ထို့အပြင် ဘက်တီးရီးယားများမှ အကျိုးခံစားရသော ဂဏာန်း အကြီးအမျိုးအစားများကိုလည်း တွေ့ရသည်။

အချုပ်အားဖြင့်ဆိုရသော် ဘက်တီးရီးယားများသည် ပင်လယ်နက်ဒေသများ၌ အလွန်တရာအရေးပါသော ကဏ္ဍအဖြစ် ရှိနေကြောင်း တွေ့ရသည်။ ဘက်တီးရီးယားများသည် လူသားများအတွက်လည်း အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ (ဉပမာ အူများအတွင်း)

အညွန်းပန်းတိုင်
  • ဘက်တီးရီးယားများအား အန္တရာယ်ရှိသော အရာများအဖြစ် မသတ်မှတ်ရန်ဘဲ အသုံးဝင်သော အရာများဖြစ်ပြီး ၎င်းတို့မှာလည်း သက်ရှိများ (အဏုဇီဝရုပ်များ) ဖြစ်ကြောင်း နားလည်လာစေရန်။
  • သမုဒ္ဒရာကြမ်းပြင်ရှိ ဇီဝအသက်နှင့်ပတ်သက်၍ ထင်မြင်ခံစားနိုင်ရန်နှင့် သုတေသနပြုလုပ်ရန်။
  • ပင်လယ်ကြမ်းပြင်မှ သက်ရှိများအကြားရှိ နီးကပ်စွာကူးလူးဆက်ဆံမှုကို နားလည်နိုင်ရန်။
  • ဇီဝသက်ရှိများအပေါ် ရေ၏ဖိအားနှင့် အပူချိန်တို့၏ သက်ရောက်မှုကို နားလည်နိုင်ရန်။